Tuesday, September 20, 2011

အဆိုပြိုင်ပွဲ ဝင်သူများကို အကြံပြုတဲ့ အဆိုတော် နီနီခင်ဇော်

ပြိုင်ပွဲကတက်တဲ့ အဆိုတော်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ အနုပညာ လောကထဲကို ဝင်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ကြံ့ခံရတယ်

အဆိုပြိုင်ပွဲ ဝင်သူများကို အကြံပြုတဲ့ အဆိုတော် နီနီခင်ဇော်
ယခုအချိန်တွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုရန်အတွက် အနုပညာ အလုပ်များကို ခေတ္တနားထားသည့် နီနီခင်ဇော်က ပြိုင်ပွဲမှတစ်ဆင့် နေရာရလာသည့် အဆိုတော်များအပေါ် သူမ၏ အမြင်ကို ထုတ်ဖော် ပြောကြားသည်။  “ပြိုင်ပွဲကတက်တဲ့ အဆိုတော်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ အနုပညာ လောကထဲကို ဝင်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ကြံ့ခံရတယ်။ အဆိုတော် ငယ်လေးတွေဆိုလည်း  အကြီးပိုင်းတွေနဲ့ သဟဇာတ ဖြစ်အောင် နေရတာတွေ ရှိတယ်။ တချို့သော စီးပွားရေး လုပ်ငန်းရှင်တွေက အသုံးချသွားတာတွေလည်း ရှိတယ်။ ဒါတွေကို နီတို့က ဦးနှောက်နဲ့ စဉ်းစားချင့်ချိန်ပြီး မမှားအောင် လုပ်ရတာတွေ ရှိတယ်။ အဲဒီထဲကမှ စိတ်ဓာတ် အခိုင်မာဆုံးနဲ့ အသန်စွမ်းဆုံးသူတွေကသာ ခုလောလောဆယ် အောင်မြင်နေတဲ့ လူတွေလို့ နီနီ ယူဆပါတယ်” ဟု ပြောသည်။

မယ်လိုဒီဝေါဒ် စင်မြင့်ထက်မှ ဂီတလောကတွင်း ချဉ်းနင်းဝင်ရောက်လာနိုင်ခဲ့ပြီး လက်ရှိတွင် ဈေးကွက်ဝင် အဆိုတော် တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သည့် နီနီခင်ဇော်သည် စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ပလေးဘွိုင်းသန်းနိုင်၏ Sweet 16 Live မွေးနေ့ အမှတ်တရ ဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေမည် ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ezy အန်တာတိန်းမန့်မှ ပြုလုပ်ခဲ့သည့် Ezy Accoustic Show တွင် ပါဝင် သီဆိုခဲ့ပြီး စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်နီးပါး သီဆိုဖြစ်နေသည့် နီနီခင်ဇော်က “ပလေးဘွိုင်း ဦးသန်းနိုင်ပွဲမှာ ဆိုပေးဖို့ ကမ်းလှမ်းထားပါတယ်။ ဘယ်သီချင်းဆိုပေးရမယ်လို့တော့ သေချာ မသိရသေးပါဘူး။ ခုလို  ဦးသန်းနိုင်ရဲ့ပွဲမှာ ဆိုခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်” ဟု ပြောသည်။ လတ်တလောတွင်  “မင်းအတွက် ၃” စီးရီးထဲမှ ရသနှင့် တွဲဖက်သီဆိုထားသည့် “မိုးတိမ်ကဗျာ” သီချင်းမှာ ပရိသတ်ကြား ရေပန်းစား အောင်မြင်နေသော သီချင်းဖြစ်ပြီး ကေကေတီနှင့် အမျိုးသမီး အဆိုတော် ငါးယောက် သီဆိုထားသော “မျက်ဝန်းစကား” စီးရီးလည်း ထွက်ရှိထားသည်။

ဓီရာမိုရ် ပြောပြတဲ့ Sound Design အကြောင်း


ဇာတ်ကားတစ်ကားမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် Sound Design ကို ဂီတမှူး ဓီရာမိုရ်က မိတ်ဆက်ပြောပြလာပါတယ်။ ဒီစနစ်ကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မောင်မျိုးမင်းရိုက်ကူးမယ့် ဒရမ်မာရုပ်ရှင် “တိုက်ဆိုင်မှုရှိလျှင်” မှာ ဓီရာမိုရ်နဲ့အတူ Sound Design ပညာရှင် ကိုကျော်ကိုကိုတို့က စတင်ဖန်တီးတော့မှာ ဖြစ်ပါတယ်။

Sound Design ဆိုတာ ဇာတ်ကားတစ်ကားမှာ အသံရဲ့အရည်အသွေးနဲ့ရသကို ပီပြင်ပြည့်စုံအောင် အသံတွေကို အသေးစိတ်ဒီဇိုင်းဆင် ဖန်တီးတဲ့ စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီစနစ်နဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း မရှိခဲ့သေးဘူးလို့ ဓီရာမိုရ်က ပြောပြခဲ့ပါတယ်။

ရုပ်ရှင်ကားတစ်ကားမှာ အသံနဲ့ အရုပ်နဲ့နှစ်မျိုးရှိတယ်။ အသံမှာ ခုချိန်ထိ ကျွန်တော်တို့ လုပ်နေကျတွေက ဒပ်ဘင်တီးတယ်။ Music ရှိတယ်။ ဒိုင်ယာ လော့ခ်ရှိမယ်။ အဲဒါတွေကို Mixing လုပ်မယ်။ ပြီး ရင် Sound Effect နည်းနည်းပါးပါးထည့်တယ်။ ဒီလောက်ပဲ။ အမှန်တကယ်တော့ Sound Designဆိုတဲ့နည်းပညာ သတ်သတ်ရှိတယ်။

လူတွေရဲ့နားက တစ်ချိန်လုံး အလုပ်လုပ်နေပေမယ့် သိစိတ်နဲ့ မသိစိတ်ဆိုတာရှိတယ်။ ဒါပေမဲ့ အချိန်တော်တော်များများက သိစိတ်နဲ့ နားစိုက်ထောင်တာ ရှားတယ်။ Sound Designဆိုတာ နားအကြားအာရုံရသအတွက် သီးသန့်ဖန်တီးပေးရတဲ့ ပညာတစ်ခုပါ။ ဒိုင်ယာလော့ခ်၊ နောက်ခံဂီတ၊ Sound Effect နဲ့တင် မပြီးသေးဘူး။ အသံတွေကို ဒီဇိုင်းဆင်ရသေးတယ်။ ကျွန်တော် Sound Design သင်တန်းတက်တုန်းက ကားတစ်စီးနဲ့တစ်စီး မျက်နှာချင်းဆိုင်တိုက်တယ်ဆိုရင် သာမန် “ဝုန်း”ခနဲမြည်တဲ့အသံမှာတင် တိုက်မိတဲ့အသံ၊ တာယာပွတ်တဲ့အသံ၊ မှန်စလေးတွေ ကြွေသွားတဲ့အသံ၊ မှန်အချပ်လိုက်ကြီး ကွဲကျသွားတဲ့အသံ အစုံပေါ့။ ဒီလို အသံပေါင်း လေးဆယ်လောက်ပေါင်းလိုက်တော့မှ ရသမြောက်တဲ့ အသံဖြစ်လာတာ။

သဘောကတော့ ရုပ်ရှင်ပိတ်ကားထက်မှာ ကားနှစ်စီး တိုက်သွားတာကို အပြင်မှာ မျက်ဝါးထင်ထင်တွေ့ရသလို ခံစားရအောင် အသံက အများကြီး ပံ့ပိုးပေးနိုင်တယ်။ နောက်ပြီး Location (နေရာ)တွေကိုလည်းအသံက အများကြီး ပံ့ပိုးပေးနိုင်တယ်။ ရုပ်ရှင်ဆိုတာ ဘောင်ခတ်ပြီးပြတာပဲ။ ဒီ ဘောင်ထဲမှာ သူပြချင်တဲ့အရုပ်ကိုပြတာပေမယ့် ပိတ်ကားအပြင်ဘက်က မြင်ကွင်းပတ်ဝန်းကျင်တွေကို ပိုကြွလာအောင် ဘေးပတ်ဝန်းကျင်ကိုအသံနဲ့ ပညာသားပါပါ အလုပ်လုပ်ပေးရတာကို Sound Design လို့ ပြောလို့ရပါတယ်။ ဥပမာ ဘောလုံးကွင်းထဲကအသံ၊ လယ်ကွင်းထဲကအသံ စသဖြင့် သဘာဝကျတဲ့ အသံတွေကို ဒီဇိုင်းဆင်ပေးရတာမျိုးပေါ့။

ကျွန်တော်တို့ ဖန်တီးလိုက်တာကို သတိမထားမိလိုက်တဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့သေချာတာတစ်ခုက အသံရဲ့ရသကို ပီပီပြင်ပြင် ခံစားရမယ်။ အသံတွေ ပိုကောင်းနေတယ်၊ အသံငြိမ်နေတာပဲ ဆိုတာမျိုးကတော့ သေချာပေါက်ခံစားရပါမယ်။ နိုင်ငံခြားမှာဆိုရင် Sound Design မလုပ်ထားတဲ့ကားမရှိဘူး။ မြန်မာမှာကျတော့ Sound Design လုပ်ထားတဲ့ကား လုံးဝနီးပါးမရှိဘူး။ တချို့ မြန်မာကားတွေမှာဆို ဒိုင်ယာလော့ခ်တွေ ကြားမယ်။ နောက်က လေသံကြီးကထွက်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတယ်။ ဒိုင်ယာလော့ခ်ကမသန့်တော့ Music စွတ်တီးနဲ့ ဆူညံပွတ်လောရိုက်နေတယ်။ နားအာရုံရသ ထည့်စဉ်းစားတဲ့လူမျိုးအတွက် Post မရှိဘူးဖြစ်နေတယ်။ ရိုးရိုးဇာတ်ကားနဲ့စာရင် Sound Design လုပ်မယ့်ဇာတ်ကားက ကုန်ကျစရိတ်အနေနဲ့ သုံးသိန်းလောက် ပိုများပါတယ်။ Sound Design လုပ်ဖို့ ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲကောင်းကောင်းတွေလိုမယ်။ နောက် Environmental Effect အသံတွေ အများကြီးလိုတယ်။ အခုဒီကား (တိုက်ဆိုက်မှုရှိလျှင်) ရိုက်ကွင်းမှာဆို ဘေးပတ်ဝန်းကျင်အသံတွေပါ ဖမ်းထားတယ်။ ဥပမာ လယ်ကွင်း၊ လေဆိပ်စသဖြင့်ပေါ့။ Environmental အသံဆိုတာ တစ်ခုနဲ့တစ်ခု တူမယောင်နဲ့ လုံးဝ မတူဘူး။ အလုပ်ရုံချင်းအတူတူတစ်ရုံနဲ့တစ်ရုံမှာ ဖြစ်ပေါ်နေတဲ့အသံတွေက မတူဘူး။ ဒါကြောင့်ကျွန်တော်တို့က အသံတွေကိုထောင်ချီပြီးစုထားတယ်။

နောက်တစ်ခုက ဖိုလီလို့ခေါ်တယ်။ Post Recroding လုပ်တဲ့အခါမှာ ဥပမာ ဖန်ခွက်နှစ်ခုတိုက်တဲ့အခန်း ပါတယ်။ ဒီအခန်းကို ရှုတင်မှာဖမ်းတဲ့မိုက်ကျတော့ Directional ဖြစ်နေတော့ အသံကောင်းကောင်းရချင်မှရမှာ။ ဒီတော့ သူ့အသံဖယ်ပြီး ရုပ်တွေကိုပဲကြည့်ပြီး ဖန်ခွက်ကိုပြန်တိုက်ပေးရမယ်။ ခွက်နှစ်ခုတိုက်တယ်ဆိုတိုင်း ကြုံရာခွက်ယူပြီး တိုက်လိုက်လို့မရဘူး။ ကြွေခွက်လား၊ ဖန်ခွက်လား။ သူ့ရဲ့ထိခတ်မှုပြင်းအား ဘယ်လောက်ရှိလဲ။ အဲဒီလိုအသေးစိတ်လေးကအစ လုပ်ရတယ်။

Sound Design လုပ်လုပ်မလုပ်လုပ် ဘယ်ကားပဲဖြစ်ဖြစ် Environmental အသံက အရမ်းအရေးပါတယ်။ တချို့ကားတွေမှာဆို လေကအရမ်းတိုက်နေတယ်။ စကားသံကျတော့ ကြည်နေတယ်။ ဒါ သဘာဝမကျဘူး။ အဲဒီလိုနေရာမျိုးဆိုရင် Effect ကလိုအပ်တယ်။ Sound Design အသံညီညွတ်မျှ တမှုအဆင့်တင် မဟုတ်ဘူး။ အသံကပေးတဲ့ရသပါ ပါတယ်။ သာမန်ဇာတ်ကားဆိုရင် ဒိုင်ယာလော့ခ်ရှိနေရင် နောက်ခံဂီတက တိုးသွားတယ်။ ဒိုင်ယောလော့ခ်မရှိရင် နောက်ခံဂီတက ကျယ်လာတယ်။ ဒါပေမဲ့ Sound Design လုပ်မယ်ဆိုရင် ဒိုင်ယာလော့ခ်မရှိတိုင်း နောက်ခံဂီတက ကျယ်လာစရာအကြောင်း မရှိဘူး။ ဂီတလုံးဝမပါတာလည်း ဖြစ်နိုင်သလို ပါရင်လည်း တိုးတိုးလေးပဲဖြစ်ချင်ဖြစ်မယ်။ အားလုံးကဒီဇိုင်နာပေါ် မူတည်သွားတယ်။

ဒီစနစ်ကို ဖန်တီးတဲ့အခါ အခက်အခဲတွေတော့ အများကြီးရှိနိုင်ပါတယ်။ ကျွန်တော်တို့က အသိပဲရှိတယ်။ လက်တွေ့လုပ်တဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို နိုင်ငံတကာကအတွေ့အကြုံရှိတဲ့ Sound Designer တွေနဲ့လည်း ချိတ်ဆက်ထားတယ်။ သူတို့ အကြံဥာဏ်၊ လုပ်နည်းကိုင်နည်းတွေကို တောင်းခံလို့လည်းရပါတယ်။ ဒီကားက HD ကနေ ဖလင်ကိုပြန်ပြောင်းမယ်ဆိုတော့ အသံပိုင်းမှာ နည်းပညာအရ အခက်အခဲမဖြစ်အောင် အခြေခံကအစ သေချာလုပ်မှာပါ။

လောလောဆယ် ကျွန်တော်တို့ Surround (အသံပတ်လည်စနစ်)တော့ မလုပ်နိုင်သေးပေမယ့် စတီရီယို ဘယ်သံညာသံမှာတင် Sound Design လုပ်ထားတဲ့ဇာတ်ကားမှာ အသံသပ်ရပ်မှု၊ အသံကြည်လင်မှုက ရိုးရိုးကားနဲ့ လုံးဝကွာသွားပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်သွားပြရင်လည်း အသံပိုင်းဆိုင်ရာမှာ ထပ်ပြီးပြင်ဆင်စရာ မလိုလောက်အောင် Sound Design ကိုလုပ်သွားဖို့ ပြင်ဆင်ထားတယ်။ နိုင်ငံတကာမှာပြတဲ့အခါ ကျွန်တော်တို့မြန်မာကားတွေရဲ့အသံအဆင့်က မဆိုးဘူးဆိုတဲ့ သတ်မှတ်ချက်လေး ရနိုင်တဲ့အဆင့်အထိ ရည်ရွယ်ထားတယ်။

Sound Design ဆိုတဲ့နည်းပညာကို မြန်မာ့ရုပ်ရှင်လောကမှာ ဖွံ့ဖြိုးရှင်သန်လာစေချင်တယ်။ ပိတ်ကားနောက်ကွယ်က အရမ်းအရေးကြီးတဲ့ မရှိမဖြစ် ကဏ္ဍတစ်ခုပါ။ ကျွန်တော်တို့လုပ်မှရယ် မဟုတ်ပါဘူး။ တခြား SD ဒီဇိုင်နာတွေလည်း အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်။ တခြား ရုပ်ရှင်ကုမ္ပဏီတွေကလည်း စိတ်ဝင်စားသင့်တယ်။