ပြိုင်ပွဲကတက်တဲ့ အဆိုတော်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ အနုပညာ လောကထဲကို ဝင်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ကြံ့ခံရတယ်

မယ်လိုဒီဝေါဒ် စင်မြင့်ထက်မှ ဂီတလောကတွင်း ချဉ်းနင်းဝင်ရောက်လာနိုင်ခဲ့ပြီး လက်ရှိတွင် ဈေးကွက်ဝင် အဆိုတော် တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သည့် နီနီခင်ဇော်သည် စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ပလေးဘွိုင်းသန်းနိုင်၏ Sweet 16 Live မွေးနေ့ အမှတ်တရ ဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေမည် ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ezy အန်တာတိန်းမန့်မှ ပြုလုပ်ခဲ့သည့် Ezy Accoustic Show တွင် ပါဝင် သီဆိုခဲ့ပြီး စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်နီးပါး သီဆိုဖြစ်နေသည့် နီနီခင်ဇော်က “ပလေးဘွိုင်း ဦးသန်းနိုင်ပွဲမှာ ဆိုပေးဖို့ ကမ်းလှမ်းထားပါတယ်။ ဘယ်သီချင်းဆိုပေးရမယ်လို့တော့ သေချာ မသိရသေးပါဘူး။ ခုလို ဦးသန်းနိုင်ရဲ့ပွဲမှာ ဆိုခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်” ဟု ပြောသည်။ လတ်တလောတွင် “မင်းအတွက် ၃” စီးရီးထဲမှ ရသနှင့် တွဲဖက်သီဆိုထားသည့် “မိုးတိမ်ကဗျာ” သီချင်းမှာ ပရိသတ်ကြား ရေပန်းစား အောင်မြင်နေသော သီချင်းဖြစ်ပြီး ကေကေတီနှင့် အမျိုးသမီး အဆိုတော် ငါးယောက် သီဆိုထားသော “မျက်ဝန်းစကား” စီးရီးလည်း ထွက်ရှိထားသည်။
No comments:
Post a Comment